Monday, March 22, 2010


တရုပ်ပြည်ယဉ်ကျေးမှုတော်လှန်ရေးကအရူးတွေလို
ပဲခူးရိုးမထဲကဘဝဟစ်တိုင်လှုတ်ရှားမှုဗကပစိတ်ဝေဒနာရှင်လို
အမျီုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုဖြိုခွဲနေကြသော
ရဲရဲတောက်ပြည်ပရောက်ဒီမိုကရေစီလှုတ်ရှားသူကြီးများ ကျဆုံးပါစေ၊
အမျီုးသားဒီမိုကရေစီအဖွဲ့ချုပ် အဓွန့်ရှည်ပါစေ၊
ဦးအောင်ရွှေ၊ဒေါ်အောင်ဆန်းစုကြည်နှင့် အဖိနှိတ်ခံ အမျီုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များသက်တော်ရာကျော်ရှည်ပါစေ၊
ဗကပပျက်လူထုစိန်ဝင်းရဲ့လက်ဝဲသူငယ်နာဝါဒ အလိုမရှိ။ ။



အဖွဲ့ချုပ် ညီညွတ်ရေးမျက်နှာကို ကြည့်ပါ
ကိုထွဋ် | တနင်္လာနေ့၊ မတ်လ ၂၂ ရက် ၂၀၁၀ ခုနှစ် ၁၇ နာရီ ၃၈ မိနစ်

htut

အခုလ ၂၉ ရက်နေ့ဆိုရင် ရန်ကုန် ရွှေဂုံတိုင်ဌာနချုပ်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဗဟို ကော်မတီဝင်များ တွေ့ဆုံပြီး သမိုင်းဝင် ဆုံးဖြတ်ချက်ကို ချရတော့မှာ ဖြစ်တယ်။ မီဒီယာတွေမှာ ပါနေပြီးဖြစ်တဲ့အတိုင်း ဗဟိုအလုပ်အမူဆောင်တွေကြားမှာ “ပါတီမှတ်ပုံတင်ရေး” နဲ့ ပတ်သက်ပြီး သဘောထားအမြင်တွေ ကွဲလို့။ “မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်” တဲ့ လမ်းကြောင်းပေါ်ကို လျှောက်လှမ်းခဲ့မယ်လို့ ပါတီက ဆုံးဖြတ်ခဲ့ရင် ပါတီကနေ ထွက်တော့မယ်လို့ ဦးဝင်တင်က ပြောတယ်ဆိုတာလည်း သတင်းဌာနတွေမှာ ကြားနေရတယ်။

အဖွဲ့ချုပ် အဖွဲ့ဝင်တွေအနေနဲ့ မှတ်ပုံတင်မယ့်ဘက်က မှန်တယ်၊ မှတ်ပုံမတင်မယ့်ဘက်က မှန်တယ်ဆိုပြီး တဖက်ကို လိုက်ကြမယ်ဆိုရင်ဖြင့် လူတိုင်းမှာ ကိုယ်ပိုင်အတွေးအခေါ်၊ အမြင်တွေ ရှိတာဖြစ်လို့ ပါတီဟာ နှစ်ခြမ်းကွဲရတော့မယ့် အခြေအနေကို ဦးတည်နေတယ်။

တကယ့်အဖြစ်မှန်ကလည်း မှတ်ပုံတင်တာ မှန်တယ်၊ မှားတယ်ဆိုရုံနဲ့ မှန်ကန်တဲ့ ဖြေရှင်းချက် လမ်းကြောင်းပေါ်ကို ရောက်နိုင်မှာ မဟုတ်ဘူး။ တကယ့်အဖြစ်မှန်က ကတ္တီပါပိတ်သားစ တခုလို နူးညံ့သိမ်မွေ့လွန်းလှတယ်။ တပြိုင်တည်းမှာပဲ စစ်အစိုးရက NLD ကို ထောင်ခြောက်ဆင်ထားခဲ့ပြီး ဖြစ်တယ်။

ရွေးကောက်ပွဲ ကော်မရှင်ဥပဒေတွေကိုကြည့်ရင် နအဖဘက်က လူပါးဝလွန်းတာကို ရှင်းရှင်းလင်းလင်း မြင်ရပြီဖြစ်တယ်။ (ဥပမာတခုကို တင်ပြရရင်တောင်၊) မှတ်ပုံတင်မယ့် ပါတီကျတော့ ကျပ် ၃ သိန်းပဲ ကော်မရှင်မှာ တင်ရမှာ ဖြစ်ပြီး၊ ရွေးကောက်ပွဲဝင်မယ့် အမတ်လောင်းကျတော့ ကျပ် ၅ သိန်း တင်ရမယ်။ နအဖဘက်က ကိုယ်စားလှယ်တွေက အစိုးရစရိတ်နဲ့ မလှိမ့်တပတ် တင်ကြမှာ အသေအချာပဲ။ စစ်အစိုးရ အထောက်အပံ့မရှိတဲ့ ပါတီတွေက ကိုယ်စားလှယ်တွေ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ ငွေကုန်ကြေးကျ အလွန်များလိမ့်မယ်။

ဒီကနေ့ NLD ရဲ့ အခြေအနေဟာ မိုင်းထောင်ထားတဲ့ စစ်မြေပြင်တခုကို ဖြတ်သန်းနေရတာ ဖြစ်တယ်။ ခြေချော်နင်းမိတာနဲ့ မိုင်းထိပြီး အဖွဲ့ဝင်တွေ ကစဥ့်ကလျားဖြစ်၊ ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာ ရတော့မှာဖြစ်တယ်။

အခက်အခဲ၊ အကျပ်အတည်းကြားက ဖောက်ထွက်ဖို့ဆိုရင် မရှိမဖြစ်လိုအပ်တဲ့ အရာက မကြာသေးခင်က ဦးဝင်းတင် ပြောခဲ့သလိုပဲ “သွေးစည်းညီညွတ်ရေးလက်နက်” ကို သုံးရမှာဖြစ်တယ်။ အနှစ် ၂ဝ ကျော် ပါတီဝင်တွေကြားမှာ ကျောချင်းကပ်၊ နှလုံးသားချင်း နီးစပ်ခဲ့ကြတဲ့ အစဉ်အလာကို ဒီနေ့ ဆက်လက်စောင့်ထိန်းပြီး မှတ်ကျောက်တင်ရတော့မှာ ဖြစ်တယ်။

- ၂ဝဝ၈ ဖွဲ့စည်းပုံအကြမ်းကို ရွေးဆွဲခဲ့တဲ့ အမျိုးသားညီလာခံကို တက်ခဲ့သူ ကိုယ်စားလှယ်အများစုဟာ လက်ညှိးထောင်ခေါင်းညိတ် နအဖလူတွေပဲ။ ဖွဲ့စည်းပုံမှာ ပါဝင်တဲ့ အချက်အလက်တွေဟာ ဒီမိုကရေစီနည်းလမ်း မကျဘူး။ ဖွဲ့စည်းပုံကို အတည်ပြုခဲ့တဲ့ ဆန္ဒခံယူပွဲမှာ စစ်အစိုးရက တိုင်းသိကမ္ဘာသိ မဲခိုးမဲလိမ်ခဲ့တယ်၊ ဒါကြောင့် ဒီဖွဲ့စည်းပုံဟာ ဒီမိုကရေစီနည်းလမ်း (လုံးဝ) မကျဘူး။
ဒီအချက်တွေကြောင့် NLD ပါတီ မှတ်ပုံမတင်သင့်ဘူး၊ ရွေးကောက်ပွဲ မဝင်သင့်ဘူး။
ဟုတ်ပြီ၊ ပါတီမှတ်ပုံမတင်ဘူးဆိုရင် ဘာဆက်လုပ်မလဲ။ ရွေးကောက်ပွဲကို ဖျက်မှာလား..၊ လူထုကြားမှာ ဘယ်လောက် ပြင်ဆင်ထားသလဲ၊ ဖျက်နိုင်တဲ့အင်အား ရှိလား။ ပါတီ မြေအောက်သွားမှာလား၊ မြေအောက်ကနေ ဆက်တိုက်မှာလား၊ တောင်အာဖရိက ANC လို လက်နက်ကိုင် တော်လှန်ရေးနဲ့ မြေအောက်တော်လှန်ရေး တပြိုင်နက်တည်း လုပ်မှာလား။ ပါတီခေါင်းဆောင်တွေ တောခိုမလား။ ဒီမေးခွန်းတွေကို အဖွဲ့ဝင်တွေ သေချာဖြေကြည့်ဖို့ လိုတယ်။ ယောင်ဝါးဝါးလုပ်လို့တော့ မရဘူး။
ဒါဖြင့် ဦးအောင်ရွှေတို့ ပြောသလို ပါတီမှတ်ပုံတင်ပြီဆိုပါစို့။ မှတ်ပုံတင်ပြီးရင် လိုအပ်ချက်အရ (၃ နေရာ) သာ မဟုတ်ဘဲ တနိုင်ငံလုံးမှာ ပါတီကိုယ်စားလှယ်တွေ ရွေးကောက်ပွဲ ဝင်မှာလား။ နိုင်မယ်လို့ ထင်လား။ လွှတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဆိုရင်တော့ NLD က ၇၅ % ရှိရာမှာ ၅ဝ % အထက်တော့ ရနိုင်သေးတယ်လို့ မျှော်လင့်ကြည့်လို့ ရတယ်။ ဒါပေမဲ့ ဗိုလ်သန်းရွှေကလည်း ဒါကို တွက်ထားပြီးသား၊ သူ့ကိုယ်သူ မယုံကြည်ဘူး။ မယုံကြည်တော့ အစီအမံတွေ လုပ်ထားမယ်ဆိုတာလည်း အသေအချာပဲ။ ဖြစ်နိုင်ခြေ အရှိဆုံးကတော့ လာမယ့် ရွေးကောက်ပွဲဟာလည်း ၂ဝဝ၈ က ဆန္ဒခံယူပွဲလိုပဲ ညစ်ပတ်လိမ်ညာပြီး သူတို့ပါတီတွေပဲ မဲရအောင် စစ်တပ်က လုပ်မှာပဲ။ ဒီရွေးကောက်ပွဲက မျက်လှည့်ပွဲနဲ့ မခြားဘူး။

ဒါ့အပြင် ပါတီမှတ်ပုံတင်လိုက်ပေမယ့်လည်း အကျဉ်းကျနေသူတွေ ပါတီဝင်ဖြစ်ခွင့်မရဆိုတဲ့ ကန့်သတ်ချက်မျိုးတွေ ပါနေတော့ ရွေးကောက်ပွဲ ကော်မရှင်ဥပဒေတွေအရ တနည်းမဟုတ်တနည်းနဲ့ နအဖက ညစ်ပြီး အချိန်မရွေး ပါတီကို ဖျက်လိုက်နိုင်သေးတဲ့ အန္တရာယ်လည်း ရှိနေသေးတယ်ဆိုတာ ကြိုတွက်ထားဖို့ လိုတယ်။

ဒီအခြေအနေတွေအောက်မှာ ဘယ်လမ်းကိုရွေးရွေး NLD အတွက် အကောင်းဆုံးဆိုတာ မရှိဘူး။ အဆိုးဆုံး အခြေအနေ မဖြစ်အောင်ပဲ လုပ်ရတော့မယ့် အနေအထား ဖြစ်တယ်။
ကော်မရှင်မှာ မှတ်ပုံမတင်ရင် ပါတီက အလိုအလျောက် မြေအောက်ရောက်မယ်။

နောင်လာနောက်သားတွေ အတွက်တော့ NLD ဟာ ထွေးပြီးသား တံတွေးကို ပြန်မျိုမချခဲ့ဘူး၊ ရွှေဂုံတိုင်ကြေညာချက်ကို ကာကွယ်ခဲ့တယ်၊ ၉ဝ ရွေးကောက်ပွဲရလဒ်ကို စောင့်ထိန်းခဲ့တယ်၊ အသက်သေချင် သေသွားပစေ၊ မူပေါ်မှာ ကြံ့ကြံ့ခိုင်ခိုင် ရပ်တည်သွားတယ်ဆိုတာတော့ ကျန်ခဲ့မယ်။ သမိုင်းလှမယ်။ ရလဒ်အနေနဲ့တော့ နအဖ ဥပဒေအရ တရားမဝင်တော့တဲ့ ပါတီတရပ်အနေနဲ့ NLD နာမည်နဲ့ လှုပ်ရှားခွင့်တွေ ရှိတော့မှာ မဟုတ်ဘူး။ အဖွဲ့ဝင်တွေ ကစဥ့်ကလျားဖြစ်မယ်။

ဦးအောင်ရွှေတို့ သဘောအတိုင်း မှတ်ပုံတင်မယ်ဆိုရင်တော့ ဒီရွေးကောက်ပွဲမှာ အမတ်နေရာ ၃ နေရာပဲ အဖြစ်သဘော ဝင်ပြိုင်မယ်ဆိုရင်တောင် တရားဝင်ပါတီအဖြစ် ဆက်ရှိနေဦးမယ်ဆိုတဲ့ သဘောပဲ။ ဒေါ်စုနဲ့ အခြားအဖွဲ့ဝင်တွေ ပြန်လွတ်လာရင် ရှိပြီးသား တာဝန်တွေအတိုင်း ပြန်တာဝန်ယူနိုင်ဦးမယ်ဆိုတဲ့ သဘောပဲ။ ဘယ်သူ တရားတယ်၊ ဘယ်သူ မတရားဘူး၊ ဘယ်သူ ညစ်ပတ်တယ်၊ ဘယ်သူ မညစ်ပတ်ဘူး ဆိုတာတော့ ကလေးက အစ၊ ခွေးက အစ၊ ကမ္ဘာကြီး အဆုံး သိနေတော့၊ အထူးပြောနေစရာတော့ မလိုပါဘူး။

အနှစ် ၂ဝ အတွင်းမှာ NLD ဟာ စစ်အစိုးရကို အပြီးအပြတ် မဖြိုလှဲနိုင်ခဲ့ဘူး။ ပြည်တွင်းပြည်ပ အင်အားစု ဘယ်သူမှ စစ်အစိုးရကို အပြီးအပြတ် မဖြိုလှဲနိုင်ခဲ့ဘူး။ သူပြတ်ကိုယ်ပြတ် တိုက်ပွဲမှာ သူမပြတ်ဘဲ ကိုယ်ပြတ်တာမျိုးကတော့ သမိုင်းလှမှာ မဟုတ်ဘူး။ ဖြစ်လည်း မဖြစ်သင့်ဘူး။

ဦးအောင်ရွှေတို့၊ ဦးခင်မောင်ဆွေတို့ကလည်း ပါတီကို ချစ်တယ်ဆိုတာ ယုံမှားသံသယ ရှိစရာ အကြောင်းမရှိဘူး။ ဦးဝင်းတင်တို့၊ ဦးဥာဏ်ဝင်းတို့ ပါတီကို ချစ်တယ်ဆိုတာလည်း လက်မောင်းသွေးဖောက် သောက်ပြစရာကို မလိုဘူး။

Yes ပဲဖြစ်ဖြစ်၊ No ပဲဖြစ်ဖြစ် ဒီသမိုင်းဝင် ဆုံးဖြတ်ချက်ဟာ လွယ်လွယ်ကူကူနဲ့ လုပ်လို့ မရဘူး။ လာမယ့် ၂၉ ရက်နေ့မှာလုပ်မယ့် ဗဟိုကော်မတီ အစည်းအဝေးမှာ Yes ဆိုတဲ့ ပါတီမှတ်ပုံတင်ချင်တဲ့ လူတွေကလည်း သူတို့ရဲ့ မဟာဗျူဟာ၊ နည်းဗျူဟာ အနာဂတ်စီမံကိန်း၊ ရေရှည်ရေတို လုပ်ငန်းစဉ်တွေကို အစည်းအဝေးမှာ တင်ပြပြီး အဆိုတင်သွင်းသင့်တယ်။

No ဆိုတဲ့ ပါတီမှတ်ပုံမတင်ဘူးဆိုတဲ့ ဦးဝင်တင်တို့ကလည်း သူတို့ရဲ့ အနာဂတ်ဆိုင်ရာ မဟာဗျူဟာ၊ နည်းဗျူဟာ ရေတိုရေရှည် စီမံကိန်းတွေကို အစည်းအဝေးမှာ အဆိုတင်သွင်းသင့်တယ်။ ညီညွတ်ရေးကို ရှေ့တန်းတင် ဆွေးနွေးသင့်တယ်။ ဖြစ်နိုင်ရင် မဲပေးတာမျိုးမဟုတ်ဘဲ၊ ညှိနိုင်းဆောင်ရွက်ပြီး ဆုံးဖြတ်သင့်တယ်၊ မဲပေးရမယ်ဆိုရင်လည်း ညီညွတ်ရေးကို ရှေးရှုခြင်းအားဖြင့် မိထ္ထိလာ NLD က အဆိုပြုထားသလို ဗြောင်မဲ မပေးသင့်ဘူး။ လျှို့ဝှက်မဲပဲ ပေးသင့်တယ်။ ပြီးရင် ဒီမိုကရေစီပါတီ ဖြစ်တဲ့အတွက် ဦးတင်ဦး သဘောထားသလို အများသဘောအတိုင်း ပါတီနောက်ကို လိုက်သင့်တယ်။ ပါတီက နုတ်ထွက်တာမျိုး မလုပ်သင့်ဘူး။

ဒီကနေ့ အခြေအနေဟာ NLD အတွက် ဆိုးရွားတဲ့ အခြေအနေတခုကို ရင်ဆိုင်နေရတာ ဖြစ်တယ်။ အဆိုးဆုံးတော့ မဟုတ်သေးဘူး။ ၂၉ ရက်နေ့ အစည်းအဝေးမှာ သဘောထား နှစ်မျိုးကွဲပြီး ခေါင်းဆောင်တွေနဲ့ နောက်လိုက် အဖွဲ့ဝင်တွေ နှစ်ခြမ်းကွဲရင်တော့ အဆိုးရွားဆုံး အခြေအနေကို ရင်ဆိုင်ရမှာဖြစ်တယ်။

မှတ်ပုံမတင်ဖို့ဘဲဖြစ်ဖြစ်၊ တင်ဖို့ပဲဖြစ်ဖြစ် တညီတညွတ်တည်း ဆုံးဖြတ်သင့်တယ်။ တညီတညွတ်တည်း ရင်ဆိုင်သင့်တယ်။ တညီတညွတ်တည်း ဖြတ်သန်းသင့်တယ်။ ပါတီနဲ့အတူ တိုက်ပွဲကို ခရီးဆက်သင့်တယ်။

No comments:

Post a Comment