Thursday, July 1, 2010

အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ (National Democratic Force NDF) မှ တာဝန်ရှိသူ ဦးသိန်းညွှန့်နှင့် တွေ့ဆုံခြင်း


အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ (National Democratic Force NDF) မှ တာဝန်ရှိသူ ဦးသိန်းညွှန့်နှင့် တွေ့ဆုံခြင်း
D.မင်း တွေ့ဆုံမေးမြန်းသည်။
(၂၀၁၀ ခုနှစ် ဇွန်လ ၁၇ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ ဦးသိန်းညွှန့်ရဲ့ တွေ့ဆုံ မေးမြန်းခန်း ဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ဆုံးဖြတ်ချက်ကို မလိုက်နာပဲ ရွေးကောက်ပွဲ ၀င်ဖို့ ကြိုးစားတဲ့ အတွက် အတိုက်အခိုက် ခံနေရတဲ့ ဦးသိန်းညွှန့်ရဲ့ ဖြေကြားချက်တွေထဲမှာ သူတို့ အယူအဆနဲ့ ရွေးကောက်ပွဲ နည်းဗျူဟာတွေကို ခြေရာခံနိုင်မယ် ထင်ပါတယ်။ )
မေး - အန်ကယ်တို့ NDF ဟာ မေ ၂၇ ရက်မှာ ပါတီ တည်ထောင်ခွင့် လျှောက်ခဲ့တာ သိရပါတယ်။ ဘာကြောင့် ပါတီ တည်ထောင်ခွင့် လျှောက်ခဲ့ရသလဲ ဆိုတာကို ကနဦး အနေနဲ့ စပြောပေးပါလား။
ဖြေ - ကျွန်တော်တို့ ဘာလို့ ပါတီ တည်ထောင်ခွင့် လျှောက်ရတာလဲ ဆိုတာကို ဦးစွာ ပြောရရင် အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ ဒီမိုကရေစီ အရေး၊ လူ့အခွင့်အရေး၊ ဒါတွေနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံမှာ ဖြစ်ထွန်း ပေါ်ပေါက်လာဖို့ပါ။ ဒီလိုသွားတဲ့ အခါ နည်းလမ်းကတော့ တရားဥပဒေ ဘောင်အတွင်း ငြိမ်းချမ်းစွာ သွားမယ်။ ကြုံတွေ့နေတဲ့ နိုင်ငံရေး ပြဿနာ တွေကို နိုင်ငံရေးနည်းနဲ့ ကျွန်တော်တို့ ဆောင်ရွက် သွားမှာပါ။ ကြုံတွေ့ နေရတဲ့ မြန်မာနိုင်ငံရဲ့ ပြဿနာ တွေဟာ ကိုယ့်တိုင်းရင်းသား အချင်းချင်း ကိုယ်တိုင် ဖြေရှင်းမှသာ ကျွန်တော်တို့ တိုင်းပြည်ကို ဖွံ့ဖြိုး တိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံတော် အဖြစ် ပြောင်းလဲ တည်ဆောက် နိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒီလို ရည်ရွယ်ချက် တွေနဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF)ကို မေ ၂၇ ရက်မှာ နေပြည်တော် ကော်မရှင်ရုံးမှာ တင်ခဲ့ပါတယ်။
မေး - အန်ကယ်တို့ ပါတီမှာ ပါဝင်သူတွေ ကိုလည်း ပြောပေးပါလား။
ဖြေ - ကော်မရှင်မှာ တင်ပြခဲ့သူတွေ မှာတော့ အားလုံး ၁၉ဦး ဖြစ်ပါတယ်။ ဦးခင်မောင်ဆွေ၊ ဒေါက်တာ သန်းငြိမ်း၊ ဒေါက်တာ ဝင်းနိုင်၊ ကျွန်တော်ရယ်၊ ဦးစိန်လှဦး၊ ဦးစိုးဝင်း၊ ဒေါက်တာ သန်းဝင်း၊ ဦးသာစိုင်း၊ ဦးတိုးဘို၊ ဦးတင်အောင်အောင်၊ ဦးကြည်မြင့်၊ ဦးမြင့်ဖေ၊ ဦးစန်းအေး () ဦးမင်းလွင်၊ ဦးစိန်ဝင်း၊ ဦးမြင့်ဝေ၊ ဦးမျိုးဇော်အောင်၊ တိုင်းရင်းသား တွေထဲက ရုတ်ရှမ်းလူမျိုးစု ခေါင်းဆောင် ဖြစ်တဲ့ ဦးအိုက်စော () ဦးစောနန္ဒီ၊ ဦးထွန်းအောင်၊ ဦးမြင့်သွင် စုစုပေါင်း ၁၉ဦးပေါ့။
မေး - ခုချိန်ထိတော့ NDF ဟာ ပါတီ တည်ထောင်ခွင့် မကျသေးဘူးလို့ သိရပါတယ်။ ဒီကာလ အတော အတွင်းမှာ အန်ကယ်တို့ ဘာတွေများ ဆောင်ရွက် နေပါသလဲ ဆိုတာ သိပါရစေ။
ဖြေ - ဒီကာလ အတွင်းမှာ ကျွန်တော်တို့ဟာ အဓိက နှစ်ခုကို ဆောင်ရွက် နေပါတယ်။ တစ်ခုက ကော်မရှင် ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ ပုံစံ() အရ ပါတီ ခေါင်းဆောင်နဲ့ ဒုတိယ ခေါင်းဆောင် ရွေးပေးရမှာ။ ကျွန်တော်တို့ကို ကော်မရှင်က ပါတီ တည်ထောင်ခွင့် ပြုကြောင်း ပုံစံ()အရ အကြောင်းကြားစာ မရောက်လာ သေးတဲ့အတွက် တရားဝင် နည်းလမ်းနဲ့ မဆောင်ရွက် နိုင်သေးဘူး။ အလွတ် သဘောနဲ့ ပါတီ ခေါင်းဆောင်နဲ့ ဒုတိယ ခေါင်းဆောင်တို့ကို ကျွန်တော်တို့ လျာထား သတ်မှတ် ပြီးပါပြီ။
မေး - ဘယ်သူတွေကို လျာထား ပါသလဲ။
ဖြေ - ကော်မရှင်က အကြောင်း ကြားစာ ရောက်မှပဲ ပြောပါရစေ။ ကော်မရှင် ကနေ ပုံစံ()အရ ပါတီက တည်ထောင်ခွင့် အကြောင်း ကြားစာ ရောက်လာတော့မှပဲ ကျွန်တော်တို့ သူတို့ သတ်မှတ် ထားတဲ့ ပုံစံ()နဲ့ ()ကို ချက်ချင်း ဆောင်ရွက် နိုင်မှာပါ။ အဲဒီ အတွက် ပြင်ဆင်မှု လုပ်ငန်းတွေကို ကျွန်တော်တို့ ဆောင်ရွက် နေပါတယ်။
မေး - အန်ကယ်တို့ ပါတီတစ်ခု တည်ထောင်လိုက်တဲ့ အခါမှာ ဘာအခက်အခဲတွေ ကြုံရသလဲ။ ဥပမာ ပြောရရင် တချို့ပါတီ တွေဟာ ငွေကြေး အခက်အခဲ တချို့ကြုံတွေ့ရတယ်လို့ ပြောတယ်။ အန်ကယ်တို့ရော ငွေကြေး အခက်အခဲ ကြုံရသလား။ နောက်ပြီး ဘာ အခက်အခဲတွေ တွေ့ရပါသလဲ။
ဖြေ - ကျွန်တော်တို့ အနေနဲ့ ပြောရရင် NDF ဖြစ်မြောက်ရေး ကော်မတီ ဖွဲ့ရာမှာ ကျွန်တော်တို့ အချင်းချင်း ငွေတစ်သိန်းစီ စုပြီးတော့ ကျွန်တော်တို့ ဆောင်ရွက်ရတာ ရှိပါတယ်။ အဲတော့ ဒီမှာပါတဲ့ လူအများစုဟာ နှစ် ၂ဝ နိုင်ငံရေး ဘဝကို ဖြတ်သန်း လာပြီးတော့ စီးပွားရေး အရမှာ ကျွန်တော်တို့ အခြေအနေ ဆိုးတွေနဲ့ ရင်ဆိုင် ရပါတယ်။ ငွေရေး ကြေးရေး ဆိုတာ ကျွန်တော်တို့ ၁၉ဦးမှာ ၇၅ ရာခိုင်နှုန်း လောက်ဟာ အခက်အခဲ တွေနဲ့ ကြုံနေတာပါ။ သို့သော် ကျွန်တော်တို့မှာ နိုင်ငံရေး အရ ပေးဆပ်ခဲ့တာ ရှိတယ်။ နှစ် ၂ဝလုံး စည်းရုံးရေး အတွေ့အကြုံ ရှိတော့ နိုင်ငံရေး၊ စည်းရုံးရေး အားသာချက် ကတော့ ကျွန်တော်တို့မှာ ရှိပါတယ်။ ကျွန်တော် တစ်ဦးတည်း အနေနဲ့ ပြောရရင် စည်းရုံးရေး ကာလမှာ ကျွန်တော့် နယ်မြေကို ဆင်းပြီး မူဝါဒ လမ်းစဉ်တွေကို ချပြတဲ့ အခါမှာ ပြည်သူတွေက သဒ္ဓါ ကြည်ဖြူစွာနဲ့ ပေးတဲ့ အလှူနဲ့ ဆောင်ရွက် သွားမှာပါ။လူထုပေးတဲ့ အကူအညီကို ယူသွားမှာပါ။ ချုပ်ပြောရရင် နိုင်ငံရေး စည်းရုံးရေး မှာတော့ ကျွန်တော်တို့ အင်အား မချို့တဲ့ ပါဘူး။ ဘယ်အချိန်ပဲ ရွေးကောက်ပွဲ ကျင်းပ ကျင်းပ ကျွန်တော်တို့ဟာ လူထုနဲ့ အတူနေ နေတဲ့ အတွက် ကျွန်တော်တို့ဟာ ကိုယ့် အနေအထားကို ကြေညာ ထားစရာ မလိုပါဘူး။ သို့သော် ငွေကြေးပိုင်း မှာတော့ တော်တော်လေး အဆက်ပြတ်ခဲ့ ပါတယ်။ ဒီဒဏ်တော့ ကျွန်တော်တို့ ခံရမှာပေါ့။
မေး - အန်ကယ်တို့ ပါတီဟာ ပါတီ တည်ထောင်ခွင့် ကျပြီးမှ မှတ်ပုံ ပြန်တင်ခွင့် ပြုချက်ရမှပဲ စည်းရုံးရေး ကာလကို ဆက်သွားနိုင်မှာ။ ဒါကြောင့် ပါတီ မှတ်ပုံတင် ခုထိမရသေးတော့ စည်းရုံးရေး ဆင်းတဲ့ ကာလဟာ တခြား ပါတီတွေနဲ့ ယှဉ်ရင် ကာလ တိုတောင်းတယ်လို့ ယူဆလို့ ရမလား။
ဖြေ - ကာလ အားဖြင့်တော့ တိုပါတယ်။ ရုံးလုပ်ငန်းအရ စိစစ် ဆောင်ရွက်မှု တွေကတော့ ကော်မရှင် အပိုင်းပေါ့။ ဘာပြောပြောပေါ့။ ကျွန်တော်တို့ ပါတီမှာပါတဲ့ ၁၉ဦးကို လေ့လာ စုံစမ်းတဲ့ အပိုင်းက မပြတ်သေးလို့လဲ ဖြစ်မှာပါ။ ဒီလို ကာလမျိုးမှာ ကျွန်တော်တို့ဟာ တရားဝင်တော့ စည်းရုံးရေး လုပ်လို့ မရသေးဘူးပေါ့။ သို့သော် ကျွန်တော်တို့ လုပ်နိုင်တာ ဘာလဲဆိုတော့ အခု ကော်မရှင်မှာ ဆက်တင်ရမယ့် ကိစ္စတွေကို ဆက်လုပ်လို့ ရတယ်။ ကျွန်တော်တို့ကို လိုလားတဲ့ သူတွေရဲ့ ဆန္ဒ သဘောထား တွေကို မေးမြန်း စုံစမ်းလို့ ရပါတယ်။ ဒါဟာ စည်းရုံးထားတာ မဟုတ်ပါဘူး။ ခုလို မီဒီယာများမှ တစ်ဆင့် ကျွန်တော်တို့ မူဝါဒ သဘောတရားတွေကို ရှင်းပြတဲ့ အလုပ်တွေ လုပ်လို့ရပါတယ်။ မှတ်ပုံတင်ခွင့် မကျသေးပေမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲကြီးမှာ ဒီမိုကရေစီ အင်အားစု အဖြစ် ကျွန်တော်တို့ ပါဝင်တော့မယ် ဆိုတာ တိုင်းပြည်ကို ကြေညာခွင့်၊ အသိပေးခွင့်တော့ ရနေပါပြီ။ အဲဒီတော့ ပေးလာတဲ့ အခြေအနေ ပေါ်မှာ အကောင်းဆုံး လုပ်နိုင်အောင် ကျွန်တော်တို့ ကြိုးစား ပြင်ဆင်ပြီး လုပ်နေကြပါပြီ။
မေး - ရွေးကောက်ပွဲ ဝင်တဲ့ အခါ ဘယ်လို ပုံစံမျိုးနဲ့ ဝင်မှာလဲ။ တချို့ပါတီ တွေက တိုင်းရင်းသားတွေ ကိုယ်စားပြုတဲ့ နယ်မြေတွေမှာ ဝင်မပြိုင်ဘူး။ စတာမျိုးပေါ့။ အန်ကယ်တို့ရော ဘယ်လို ဝင်ပြိုင်ဖို့ စီစဉ်ထား ပြီးပါပြီလဲ။
ဖြေ - အသေးစိတ်တော့ ခုချိန်မှာ မလုပ်နိုင်သေးဘူး။ ဘာလို့လဲ ဆိုတော့ မှတ်ပုံတင်ခွင့်မှ မရသေးဘဲ။ သို့သော် မူအားဖြင့် ပြောနိုင်တာ ကတော့ လွှတ်တော် သုံးရပ်လုံး ကျွန်တော်တို့ ဝင်မှာပဲ။ နိုင်ငံ တစ်ဝန်းလုံး မှာလဲ အခြေအနေ ပေးတဲ့နေရာ၊ လူထု ထောက်ခံမှု ရတဲ့နေရာ၊ ကျွန်တော်တို့ အင်အားစုတွေ ဝင်ပြိုင်နိုင်တဲ့ နေရာ အားလုံးကို ပြိုင်မှာပဲ။ တိုင်းရင်းသားနဲ့ ပတ်သက်ရင် ကျွန်တော်တို့ မှတ်ပုံတင်ခွင့် ရခဲ့ရင် ညှိနှိုင်းဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ အခြေအနေ အရ ဝင်ပြိုင်ရမယ့် နေရာမျိုး ရှိရင် ဝင်ပြိုင်မှာ ဖြစ်ပါတယ်။ ဥပမာ - ဦးကျော်ဒွန်း ဆိုရင် ပလက်ဝ ဝင်ပြိုင်မှာပဲ။ ဒါသူ့နယ်ပဲ။ သို့သော် တတ်နိုင် သမျှတော့ ဒီရွေးကောက်ပွဲမှာ တိုင်းရင်းသား တွေနဲ့ ညှိနှိုင်းမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီရွေးကောက်ပွဲမှာ မဲတွေ အစိတ်အစိတ် အမြွှာမြွှာ ကွဲရင် တိုင်းပြည်နာမယ်။ လူထုနာမယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ဒီမိုကရေစီ အင်အားစုတွေ တိုင်းရင်းသား အင်အားစု တွေနဲ့ မဲမပြန့် အောင်တော့ ရွေးကောက်ပွဲ နည်းဗျူဟာ အရ လုပ်ရမှာပဲ။
မေး - ဘယ်ပါတီကို အန်ကယ်တို့ အဓိက ပြိုင်ရမယ်လို့ မြင်ပါသလဲ။
ဖြေ - မဆလခေတ်က အတွေ့အကြုံ ရှိခဲ့တဲ့ ၁၉၉ဝ တုန်းကလဲ ဝင်ပြိုင်ခဲ့တဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီတွေ ကတော့ ကျွန်တော်တို့ ယှဉ်ပြိုင် ရမှာပဲ။ ဒီရွေးကောက်ပွဲမှာ ကျွန်တော်တို့ အနိုင်ရ ပါတီ မဖြစ်တောင် လွှတ်တော် သုံးရပ်မှာ လူထုကို ကိုယ်စားပြုနိုင်တဲ့ အားကောင်းတဲ့ အတိုက်အခံ ပါတီတစ်ခု ပေါ်ပေါက် လာအောင်တော့ ကြိုးစားရမှာ ဖြစ်ပါတယ်။ ပေါ်ပေါက် လာမယ့် လွှတ်တော်မှာ အားကောင်းတဲ့ အတိုက်အခံ ပါတီမရှိရင် ၂ဝ၁ဝမှာ ပေါ်ပေါက်လာမယ့် ဒီမိုကရေစီ ဖြစ်ထွန်း တိုးတက်မှုကို ထိခိုက်စေမှာ ဖြစ်ပါတယ်။ ဘယ်သူပဲ နိုင်နိုင်ပါ။ လွှတ်တော်မှာ ဂုဏ်သိက္ခာ ရှိတဲ့ အတိုက်အခံတွေ များများပါဖို့ လိုပါတယ်။ ဒီအခန်း ကဏ္ဍကိုတော့ ဖြည့်စွမ်း နိုင်မယ်လို့ ထင်ပါတယ်။
မေး - အတိုက်အခံပါတီတစ်ခုဖြစ်ဖို့ လွယ်မယ်ထင်ပါသလား။
ဖြေ - ကျွန်တော်တို့ တချို့ နယ်မြေတွေမှာ အရွေးခံမယ် ဆိုတာ သိပြီးသားပါ။ လွှတ်တော်ထဲ ရောက်ရင် တိုင်းရင်းသား အဖွဲ့တွေ၊ အင်အားစု ပါတီတွေနဲ့ ပူးပေါင်းပြီး လုပ်သွားမှာပါ။ ပြည်သူ လူထုက ဖြစ်စေချင် တာတွေကို လွှတ်တော်ထဲမှာ ပြောနိုင်မယ်။ ဥပဒေတွေကို ပြင်နိုင်မှာပေါ့။
မေး - အန်ကယ်က ဥပဒေတွေကို ပြင်နိုင်မယ် ပြောတယ်။ တချို့ကလဲ ဒီဥပဒေတွေက ဘယ်လိုမှ ပြင်လို့မရဘူး ပြောကြတယ်။ ဒီလို ဝိဝါဒ ကွဲလွဲနေတဲ့ အပေါ် အန်ကယ်က ဘယ်လို ဖြေရှင်းပေးချင် ပါသလဲ။
ဖြေ - တပ်မတော် အပေါ် မြင်တဲ့ အမြင်ကွဲသွား တာပဲ။ သူတို့က လက်ရှိ တပ်မတော် ခေါင်းဆောင်များ၊ နောင် အနာဂတ် ခေါင်းဆောင်များဟာ ဒီအခြေခံ ဥပဒေကြီးကို တရားသေ ဆုပ်ကိုင် ထားမယ်လို့ သူတို့ ထင်ကြတယ်။ ကျွန်တော်တို့က အဲဒီလို မထင်ဘူး။ ပြောင်းလဲလာတဲ့ ပြည်တွင်းပြည်ပ အခြေအနေ နောက်တစ်ခါ ကျွန်တော်တို့ ဘက်ကလဲ တပ်မတော် အပေါ်မှာ သဘောထား မှန်ပြီးတော့ အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် တိုင်းပြည် အမှန်တကယ် တိုးတက် ခေတ်မီရေး အတွက်ကို လွှတ်တော်ထဲ ရောက်လာမယ့် တပ်မတော်သားတွေ အရင်ဆုံး နားလည်မှု ရလာမယ်။ ဒီနားလည်မှုနဲ့ တိုင်းပြည် ကောင်းဖို့ အတွက် ဒီအချက် ဒီအချက်တွေကို တင်ပြရင် ဒါတပ်မတော် ဘက်ကလည်း စဉ်းစား လိမ့်မယ်။ ဒီအတွေ့အကြုံ မျိုးကို တောင်ကိုရီးယား တပ်မတော် ခေါင်းဆောင်တွေ ပြခဲ့ပြီးပြီ၊ အင်ဒိုနီးရှား မှာလဲ ပြခဲ့ပြီးပြီ။ ကျွန်တော်တို့ တိုင်းပြည်က တပ်မတော်သား တွေဟာလည်း ဗုဒ္ဓ ဘာသာဝင် တွေပါ။ သူတို့ဟာ အသေဆုပ်ကိုင် ထားတဲ့ အလုပ်ကို မလုပ်ဘူးလို့ ထင်ပါတယ်။ ငါးနှစ် အတွင်း တစ်ယောက်နဲ့ တစ်ယောက် ယုံကြည် နားလည်မှု လုပ်သွားရင် ရပါတယ်။ အာဃတ တွေနဲ့ တုံ့ပြန် လုပ်သွားရင် တစ်ဖက်ကလည်း ဘယ်ခွင့်ပြုမှာလဲ။ တိုင်းပြည် ချစ်စိတ်နဲ့ တင်ပြတာကို တပ်မတော် အဆင့်ဆင့် ခေါင်းဆောင်တွေ ကလည်း ဘုံရည်မှန်းချက်နဲ့ တိုင်းပြည်ကောင်းအောင် လုပ်ကြမှာပဲ။ ဒီနေ့ကမ္ဘာမှာ ပြောနေကြတာ Change ပါ။ ပြုပြင် ပြောင်းလဲရေးပါပဲ။
မေး - အန်ကယ်တို့ ပါတီ အနေနဲ့ အနိုင်မရခဲ့ဘူး ဆိုပါစို့၊ ပါတီ နိုင်ငံရေးပဲ ဆက်လုပ်မလား၊ အမျိုးသား နိုင်ငံရေးကိုပဲ ရှေးရှု လုပ်ဆောင် သွားမှာလား။
ဖြေ - NDF စ ဖွဲ့ ကတည်းက သတ်မှတ်ထားတဲ့ မူတွေအရ ပါတီ နိုင်ငံရေး ဆိုပေမယ့် တကယ်ကို အနှစ်သာရ အားဖြင့် ကြည့်ရင် ကျွန်တော်တို့ လုပ်နေတာ အမျိုးသား နိုင်ငံရေးပဲ။ ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ လူ့အဖွဲ့အစည်း တစ်ရပ် ထူထောင်မယ်လို့ ဆိုတဲ့ အချက်ဟာ ဘာကိုပြလဲ ဆိုရင် အမျိုးသားရေး တာဝန်ကို ကျွန်တော်တို့ ဦးထိပ်ထားတယ် ဆိုတာ ဖော်ပြတာပဲ။ ရွေးကောက်ပွဲမှာ နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ ပြည်သူ လူထုရဲ့ အဆုံးအဖြတ်ကို နာခံပြီးရင် မပြီးဆုံး သေးတဲ့ တာဝန်နှစ်ခု ရှိပါတယ်။ ဒီတာဝန်တွေက တခြား နိုင်ငံတွေနဲ့ ယှဉ်ရင် ကျွန်တော်တို့ ခေတ်နောက်ကျ နေပြီ။ ဆင်းရဲချမ်းသာ ကွာဟမှု ကြီးထွားနေတယ်။ ဒါတွေကို ကုစားနိုင်ဖို့ ကလည်း ကျွန်တော်တို့ဟာ တာဝန် ပြီးဆုံးအောင် ဆက်လုပ်ရမယ်။ အလားတူပဲ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နဲ့အတူ လူ့အခွင့်အရေး၊ ဒီမိုကရေစီ အရေးတွေ ရဖို့ပဲ။ ဒီနှစ်ချက် မရသေး သရွေ့တော့ နိုင်ငံရေးကို ဆက်လုပ်ရမှာပဲ။ ဒီလုပ်ငန်းများ သည်ပင် အမျိုးသား နိုင်ငံရေးများပင် ဖြစ်ပါတယ် လို့ ကျွန်တော် ပြောပါရစေ။
အခုလို ဖြေကြားပေးတဲ့ အတွက် ကျေးဇူး တင်ရှိပါတယ် ခင်ဗျာ။


ပိတောက်မြေမှကူးယူဖေါ်ပြပါသည်

No comments:

Post a Comment