Friday, August 13, 2010

ထူးအိမ်သင်


ထူးအိမ်သင်
ပန်းချီ-ကိုမျိုး

ဧရာဝတီ
ရာဇဝင်များရဲ့သတို့သမီး.......

အရေးကြီးပြီညီအကိုအပေါင်းတို့
သွေးစည်းကာညီစေညီကြစို့.......

ဒီ ကမ္ဘာမြေပေါ်ကို
မှော်ဆရာအိမ်မက်တွေကျဲချပြီး
သွားနှင့်သူကြီးရေ..
ညီလေးရေ ညီလေးရေလို့ဆိုပါဦး၊
အစိမ်းရောင်တံခါးတွေနဲ့ပိတ်ဆို့ထားတဲ့ဒီနိုင်ငံမှာ
ခင်ဗျားမနေချင်တော့တာလည်းနားလည်ပါတယ်
ခင်ဗျားကငှတ်တကောင်ဆိုတော့
ကောက်ခါငင်ခါပျံသန်းသွားတာပေါ့၊
ကမ္ဘာ ကြီးအတွက်၊တိုင်းပြည်အတွက်၊အနုပညာအတွက်၊
ခင်ဗျားရဲ့လူသားဆန်မှုအတွက်
ရင်ခုန်သံနဲ့ထုဆစ်ထားတဲ့သီချင်းတွေအတွက်
အခုတော့ဝေးခဲ့ပြီ...
ကိုယ်ယုံကြည်ရာကိုဈေးကွက်တင်ရောင်းဖို့ရှက်တက်သူ
အမေ့ရဲ့ဒုက္ခအိုးအကောင်းစားကြီးရေ...
ဒီလိုခေတ်ကြီးထဲမှာ ခင်ဗျားကိုရရှိခဲ့ရတဲ့အတွက်
ကျေးဇူးတင်တယ်
လင်းလက်တောက်ပဆဲမှာ
ရုတ်တရက်ကွဲကြေသွားတဲ့
အို......... ညနေကြယ်။
                    
                         အေးခိုင်
*ကိုထူးအိမ်သင်ရဲ့သီချင်းများခံစား၍*

Thursday, August 12, 2010

Election

နိုဝင်ဘာလ ၇ ရက်နေ့တဲ့


၁၃ သောကြာမှာကြေငြာမောင်းခတ်သည်။

ဆွေး

ဆွေး

ထူးအိမ်သင်မရှိတော့ထဲက


သီချင်းဆိုတာမရှိတော့ဘူး

ကိုစော်ကဲကြီးမင်းဖြစ်တဲ့ခေတ်မှာ

မြစ်တွေခန်းတာလည်းဘာထူးဆန်းလို့လဲ၊

သူရဲကောင်းတယောက်ကမရှိတော့ဘူး

သူရဲကောင်းတယောက်ကိုလည်း သူတို့ကဖွက်ထားတယ်

......ကဆိုတယ်၊

နမိတ်ပုံတွေ....

နမိတ်ပုံတွေ....

နမိတ်ပုံတွေ....

ကိုယ်အနုပညာကို ကိုယ်ပြန်ပီးသင်းကွပ်နေရ

လွမ်းတယ်....

လွမ်းတဲ့အကြောင်းတွေကိုတေးထား ထစ်ထားရတယ်၊

သူရာထဲမှာပဲနစ်နစ်

အသပြာထဲမှာပဲနစ်နစ်

မောဟတွေထဲမှာပဲနစ်နစ်

လောဘတွေထဲမှာပဲနစ်နစ်

စိုးရိမ်၊ ကြောက်လန့်၊ ဒေါသတွေထဲမှာပဲနစ်နစ်

ပျော်ရွှင်နေသူတွေအတွက်

ပျော်ရွှင်ပေးပါတယ်၊

ဒီရင်ဘတ်ကြီးကတော့

ဟိုအမွှေးတိုင်တွေလို

တမြေ့မြေ့

တမြေ့မြေ့....

သူတို့ပခုံးတွေနဲ့

ရှုံးရှုံး မုန်းမုန်း

နစ်သထက်မနစ်အောင် ထမ်းထားပေးတဲ့

အို......

အမှောင်ခေတ်မှာမို့ ရဟန္တာမဖြစ်တဲ့

ချစ်သူတို့ရေ.........

ကျွန်တော်ရှုံးခဲ့ပါတယ်ရှုံးခဲ့ပါတယ်

ရှုံးခဲ့ပါတယ်၊

အရှုံးတွေထဲမှာခေါက်ရိုးကျိုး

ရေးချင်တာတွေရေးပြီး

ကိုယ့်ကိုကိုယ်အာပါတ်ပြန်ဖြေနေရတဲ့ဘဝ

...........

...........

နာတယ်။

                             အေးခိုင်

Saturday, August 7, 2010

ခရီး

ခရီး

အိမ်ကိုပြန်မရောက်နိုင်သေးဘူး
အမှောင်ထဲကျွံဝင်နေတာ
၂၂နှစ်ရှိနေပြီ။
ဒီခရီးနဲ့ ဒီလမ်းကြီးက
ပန်းအကြွေတွေနဲ့ပြည့်လို့
အိမ်မက်တွေနဲ့ပြည့်လို့
ဘယ်တော့မနက်ခင်းရောက်မှာလဲလို့မမေးနဲ့
ကိုယ့်မြင်းကို ကိုယ်ပြန်မခွေနဲ့
ရှေ့ကသွားတဲ့သူလည်းသွားပါစေ
ဘေးကသူကိုလည်းဖေးမ
နောက်မှာကျန်ခဲ့သူကိုလည်းတွဲခေါ်
ခြေလှမ်းတွေမညီရင်ကျင်းတွေ ဂျောက်တွေကများတယ်
အိပ်မွေ့ချခံထားရတဲ့ဧရာဝတီကိုနှိုးဖို့
အားလုံးကို..လာလို့ခေါ်။
                                     အေးခိုင်

Friday, August 6, 2010

ဒီမိုကရေစီနဲ့ ရှစ်လေးလုံးမျိုးဆက်

ဒီမိုကရေစီနဲ့ ရှစ်လေးလုံးမျိုးဆက်
ဦးအောင်ခင် / ၀၆ သြဂုတ် ၂၀၁၀

အ.က.သ ကိုတည်ထောင်ခဲ့တဲ့ ရဲဘော်ကြီး မင်းဇင်
ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံကြီး ၁၉၈၈ မှာ ဖြစ်ပွားတော့ ကျနော့်မိသားစု မြန်မာပြည်က အပြီးအပိုင်ထွက်လာတာ (၁၀) နှစ်ရှိနေပြီ။ ကျနော် နိုင်ငံခြားရောက်နေတာက (၁၅) နှစ်ရှိနေပြီ။ မဆလလက်အောက်ကထွက်ဖို့ ပထမဆုံးပညာတော်သင် သွားရသေးတယ်။ ပညာသင်သွားပြီးဘွဲ့ရတော့ ရန်ကုန်ပြန် အလုပ်ထွက်ပြီး ဇနီးနဲ့သားကိုလက်ဆွဲပြီး နေ၀င်းကြီးစိုးတဲ့ မဆလ တိုင်းပြည်က အပြီးအပိုင်ထွက်ခဲ့တယ်။ ကျနော့်လိုပဲ ထွက်ကြသူတွေ ရှိတယ်။ ဒါပေမယ့် နည်းနည်းပါးပါးမို့ ရေတွက်လို့ရတယ်။ ကျနော်တို့မျိုးဆက်က နိုင်ငံခြားမှာအလုပ်ခန့်စာရပြီးမှ နိုင်ငံကူးလက်မှတ်လျှောက်ပြီး တိုင်းပြည်ကနေ အပြီးအပိုင်ထွက်တာ များတယ်။

အဲဒီခေတ်ကလည်း တိုင်းရင်းသားလက်နက်ကိုင်လှုပ်ရှားမှုတွေ ရှိခဲ့တာပဲ။ ကျောင်းသားနဲ့အလုပ်သမားဆန္ဒပြပွဲတွေကို သေနတ်နဲ့ပစ်ပြီး ဖြိုခွဲခဲ့ပေမယ့် မဆလစစ်အစိုးရရဲ့ လုပ်ရပ်ကို နိုင်ငံခြားက ကန့်ကွက်အရေးယူတာမျိုးမရှိခဲ့ဘူး။ မဆလစစ်အစိုးရကို ဝေဖန်ရှုတ်ချရေးသားတဲ့ အင်္ဂလိပ်ဘာသာထုတ် စာစောင်သုံးခုကို အမေရိကန်၊ ကနေဒါနဲ့ အင်္ဂလန်နေ ဗမာသုံးဦးက ထုတ်ဝေတယ်။ ဒါပေမယ့် အနောက်တိုင်းအစိုးရတွေက အရေးမယူတဲ့အတွက် ဗိုလ်နေ၀င်းဟာ အင်္ဂလန်နဲ့ ဆွစ်ဇာလန်ကို မကြာခဏ အပျော်ခရီးထွက်လေ့ရှိတယ်။

ဝန်ကြီးချုပ်ဟောင်း ဦးနုခေါင်းဆောင်တဲ့ လက်နက်ကိုင်တော်လှန်ရေးလှုပ်ရှားမှုလည်း ပျက်ပြားသွားပြီမို့ တော်လှန်ရေးသမားတွေ နိုင်ငံရေးခိုလှုံကြတယ်။ မဆလအစိုးရလိမ်သမျှ ကမ္ဘာကယုံနေပြီး ပြည်တွင်းမှာလည်း ဆိုရှယ်လစ်မှိုင်း တိုက်ထားတော့ ကလိမ်ခြုံ မဆလ သက်ဆိုးရှည်မယ့်ပုံ ပေါက်နေတယ်။ အဲဒီအခါမှာ ရှစ်လေးလုံးအရေးတော်ပုံ ဖြစ်ပွားတာမို့ ပါဝင်ဆင်နွှဲတဲ့ ကျောင်းသားလူငယ်တွေကို အလွန်လေးစားမိတယ်။ သတ္တိပြောင်မြောက်ကြပါပေတယ်။ ကျနော်က ဘယ်မှသွားတဲ့ လူမဟုတ်တော့ ရှစ်လေးလုံးမျိုးဆက်အကြောင်း သူများပြောတာပဲ ကြားဖူးတယ်။ လန်ဒန်ရောက်လာတဲ့ သူငယ်ချင်းမောင်မောင် (ဦးနုရဲ့သား) ကို မေးရတယ်။

နောက်တော့ လန်ဒန်ရောက်လာတဲ့ ရှစ်လေးလုံးမျိုးဆက်ကို တွေ့ရတယ်။ ကိုမိုးသီးဇွန်၊ ကိုအောင်နိုင်နဲ့ ကိုဝင်းမိုးတို့ ဖြစ်တယ်။ ဒီမိုကရက်တစ်မြန်မာ့အသံအတွက် နော်ဝေးမှာ အလုပ်သွားလုပ်တော့ ရှစ်လေးလုံးမျိုးဆက်တွေ ပတ်လည်ဝိုင်းနေတော့တာပေါ့။ ရှစ်လေးလုံးမျိုးဆက်အများအပြား နိုင်ငံခြားမှာ ဆက်လက်လှုပ်ရှားတာရှိသလို ပြည်တွင်းမှာလည်း လှုပ်ရှားကြတယ်။ ရှစ်လေးလုံးကြောင့် နိုင်ငံရေးသမားဟောင်းအချို့ ပြန်လည်ရှင်သန်လာကြပြီး ကိုတင်မောင်ဝင်းက ခေတ်ပြိုင်ကို တည်ထောင်တယ်။ ထိုင်းအခြေစိုက် ကျောင်းသားလူငယ်အဖွဲ့တွေထုတ်ဝေတဲ့ အင်္ဂလိပ်-မြန်မာစာစောင်တွေ အများကြီးထွက်လာတယ်။ ကွန်ပျူတာအင်တာနက်ကို နိုင်ငံခြားရောက် ရှစ်လေးလုံးမျိုးဆက်က အရင်တတ်ပြီး ဗမာစစ်အစိုးရက နောက်မှတတ်တာ။

၁၉၈၈ နောက်ပိုင်း ပြည်တွင်းမှာ ဒေါ်အောင်ဆန်းစုကြည် ရှိနေတာကလည်း ပြည်သူ့အရေးတော်ပုံကို နိုင်ငံတကာသိအောင် လုပ်နိုင်တဲ့အချက်တခုဖြစ်တယ်။ ကုလသမဂ္ဂမှာ အမှုထမ်းခဲ့ဖူးပြီး နိုင်ငံခြားပညာတတ်အသိုင်းအ၀ိုင်းမှာ ကျင်လည်ခဲ့တဲ့ ဒေါ်စုဟာ န၀တစစ်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖျက်မှုကို Amnesty ကမ္ဘာ့လူ့အခွင့်အရေးအဖွဲ့ကို အကြောင်းကြားခဲ့တယ်။ တရားမ၀င်တဲ့ စစ်အစိုးရကို ကုလသမဂ္ဂအထွေထွေညီလာခံက အရေးယူဖို့လည်း ရန်ကုန်နေ နိုင်ငံခြားသံအမတ်တွေကို စာရေးပန်ကြားခဲ့တယ်။ နိုင်ငံတကာဥပဒေပညာရှင်များအဖွဲ့ကိုလည်း ဒေါ်စုက စာရေးပြီး တိုင်ကြားခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုးပမ်းမှုကြောင့် ရက်ရက်စက်စက်ပစ်သတ်ခံရလို့ ရပ်တန့်သွားတဲ့ ဒီမိုကရေစီလှုပ်ရှားမှုဟာ ပြန်လည်ရှင်သန်လာတာလို့ ပြောကြတယ်။

၈၈ ခုနှစ်နောက်ပိုင်းမှာ မြန်မာပြည်ကထွက်လာတဲ့ ကျောင်းသားဦးရေများလာတဲ့အတွက် နိုင်ငံခြားမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး အားကောင်းလာတယ်။ ကိုယ်တတ်နိုင်တဲ့နည်းနဲ့ ဗမာစစ်အစိုးရကို ဆန့်ကျင်ကြတယ်။ ကိုယ့်တာဝန် ကိုယ်သိကြတယ်။ သိပ်ကောင်းတယ်။ ကိုယ်တတ်တဲ့အလုပ် ကိုယ်လုပ်တာ အမှန်တရားပဲ။ ကိုယ်လုပ်ရမယ့်အလုပ်ကို တကယ်နားလည်အောင်လေ့လာပြီး ရာထူးမမက်ဘဲ တတ်နိုင်တဲ့ဘက်က ကူညီတာဟာ အကောင်းဆုံးပါလို့ ပြောပါရစေ။ သတင်းမီဒီယာလောကကို ရှစ်လေးလုံးမျိုးဆက်တွေ ၀င်စီးနိုင်တာဟာ ဒီမိုကရေစီရေးအတွက် အခွင့်ကောင်းတခုပဲ။

ဒီမိုကရေစီနိုင်ငံတွေဆီ ရောက်သွားတဲ့ ရှစ်လေးလုံးမျိုးဆက်ဟာ ဒီမိုကရေစီတကယ်ရသွားတယ်လို့ ပြောတာမျိုးလည်း ရှိတယ်။ ကိုယ်ရောက်တဲ့နိုင်ငံရဲ့ ဒီမိုကရေစီစနစ်ကို နားလည်အောင်ကြိုးစားတာဟာ ကိုယ့်နိုင်ငံအတွက် အကျိုးရှိတယ်။ ပညာတပိုင်းတစနဲ့ နိုင်ငံခြားရောက်လာတဲ့ ရှစ်လေးလုံးဆက်ထဲမှာ ပညာဆက်သင်သူတွေရှိသလို အရက်သမားဖြစ်သွားသူတွေလည်းရှိတယ်။ ဆင်းရဲတဲ့ဒဏ်ကိုခံနိုင်ပြီး ချမ်းသာတဲ့ဒဏ်ကို မခံနိုင်တဲ့လူတွေလည်း ရှိတယ်။ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုကြီးမှာ အားသာချက်ရှိသလို အားနည်းချက်လည်း ရှိမှာပေါ့။ ဒါဟာ သဘာဝပဲ။

ခေတ်သစ်နဲ့အတူ လိုက်နိုင်သူတွေရှိသလို မလိုက်နိုင်သူတွေလည်း ရှိတယ်။ ဒီအထဲမှာ ထူးခြားတာလေးတခု ပြောပါရစေ။ ရှစ်လေးလုံးမှာ အခြေခံပညာအထက်တန်းကျောင်းသားဘ၀နဲ့လှုပ်ရှားရင်း နိုင်ငံခြားကို ရောက်လာတဲ့ လူငယ်တဦးအကြောင်းပါပဲ။ ဒီလူငယ်ဟာ မြန်မာပြည်မှာ ဆယ်တန်းစာမေးပွဲတောင် ဖြေဖူးတာမဟုတ်ဘူး။ ဒါပေမယ့် ကိုယ်ထူကိုယ်ထကြိုးစားသူဆိုတော့ စကားပြောကြည့်တာနဲ့ ဘွဲ့လွန်ကျောင်းသားအဆင့်ရှိတာကို သိနိုင်တယ်။ ကာလီဖိုးနီးယားပြည်နယ် Berkeley တက္ကသိုလ်က အမေရိကန်ပါမောက္ခတွေကလည်း ဒီအတိုင်းပဲမြင်တယ်။ ဒါကြောင့် တက္ကသိုလ်စည်းမျဉ်းတွေကို ဘေးချိတ်ပြီး ဘာတန်းမှမအောင်တဲ့ မြန်မာလူငယ်ကို မဟာဝိဇ္ဇာတန်းတက်ခွင့်ပြုပြီး နည်းပြဆရာအဖြစ် အလုပ်ခန့်လိုက်သေးတယ်။ ဒီနှစ်ထဲ မဟာဝိဇ္ဇာဘွဲ့ရလို့ ပါရဂူ Ph.D ဘွဲ့သင်တန်းကိုပါ တက္ကသိုလ်ရဲ့ ထောက်ပံ့ကြေးနဲ့ တက်ခွင့်ပေးလိုက်တယ်။ ဒေါက်တာဘွဲ့ရမှာ သေချာတယ်။ အဲဒီတော့လည်း ဒေါက်တာ မင်းဇင်ဖြစ်သွားတာပေါ့။

နိုင်ငံခြားမှာ အပတ်တကုတ်လေ့လာဆည်ပူးပြီး ပညာရှာတာဟာ ဒီမိုကရေစီအတွက် ကောင်းမွန်တဲ့ အလားအလာဖြစ်တယ်။ ဒီမိုကရေစီအရေးမှာ လူတိုင်းပါဝင်နိုင်တယ်။ ကားမောင်းတတ်သူက ကားမောင်းပြီးကူညီတယ်။ ထမင်းချက်တတ်သူက ချက်ပြုတ်ပြီး ကူညီတယ်။ တချို့ကလည်း ဆန္ဒပြပွဲတိုင်းမှာ ‘ဒို့အရေး’ မှန်မှန်အော်ပြီး ရန်ပုံငွေထည့်တယ်။ ဒီမိုကရေစီသမားတွေ ရောက်လာရင် ကိုယ့်ကားကိုယ်မောင်းပြီး မညည်းမညူ ပို့တယ်ကြို့တယ်။ ဧည့်သည်လာတိုင်း ကားမောင်းပို့ပါ များလာတော့ ကားမောင်းတာကို နိုင်ငံရေးလို့ ထင်လာတယ်။ ဟုတ်ပါတယ် သူ့အဖို့ ကားမောင်းတာဟာ နိုင်ငံရေးပါ။ ကိုယ်တတ်တဲ့အလုပ်နဲ့ ဒီမိုကရေစီအရေးကို ကူညီတာပါ။ ထမင်းချက်ပြီး ကူညီသူလည်း ဒီမိုကရေစီသမားတွေကို ထမင်းချက်ကျွေးရတာဟာ နိုင်ငံရေးပေါ့။ သူ့အတွက်ကတော့ ထမင်းချက်တာဟာ နိုင်ငံရေးပါ။ တာဝန်ကိုယ်စီထမ်းဆောင်ကြတာ ၀မ်းသာအားရစရာပါ။ ဒါပေမယ့် ကားသမားနဲ့ ထမင်းချက်ဟာ အသိဉာဏ်တထွာတမိုက်နဲ့ နိုင်ငံရေးမှာ ထင်ရာမြင်ရာ ဝေဖန်လာတဲ့အခါ ပြဿနာပေါ်ပြီး နအဖလက်ပါးစေ ဖြစ်ကုန်တာပေါ့။ ကားမောင်း၊ ထမင်းချက်လောက်သာ လုပ်တတ်ပေမယ့် နေရာလိုချင်၊ ဆရာလုပ်ချင်တာဟာ ‘မဆလခေတ်’ ရဲ့ အမွေဆိုးပါ။

အသိဉာဏ်တထွာတမိုက်နဲ့ မိမိဉာဏ်မမီတိုင်း သူများကို မှားတယ်လို့ယူဆတာဟာ ဘယ်သူ့အတွက်မှ မကောင်းပါဘူး။ နိုင်ငံရေးပညာဟာ အလွန်ကျယ်ဝန်းတဲ့ ဘာသာရပ်ဖြစ်လို့ အပတ်တကုတ်လေ့လာဆည်းပူးရပါလိမ့်မယ်။ အခြေခံပညာရှိသူတိုင်း လေးလေးနက်နက်ကြိုးစားအားထုတ်ရင် နားလည်နိုင်ပါတယ်။ စာတွေ့ ဗဟုသုတစုဆောင်းပြီး ကြေကြေညက်ညက် လေ့လာတဲ့အခါမှာ လက်တွေ့နိုင်ငံရေးလောကကို အရင်ကထက် ပိုပြီးနားလည်လာမှာ သေချာတယ်။ စာတွေ့က လက်တွေ့ကို ကူးပြောင်းရာမှာ လေ့လာသူရဲ့ ပင်ကိုယ်သဘာဝ၊ အကြံဉာဏ်လက်ခံနိုင်မှု၊ အပင်ပန်းခံနိုင်မှု စတာတွေကိုလိုက်ပြီး အချိန်အနည်းအများ ကြာတတ်ပါတယ်။

http://www.khitpyaing.org/index.php?route=detail&id=3381
ခေတ်ပြိုင်ဂျာနယ်မှကူးယူဖေါပြပါသည်။